Pages

Showing posts with label ကဗျာစာအုပ်. Show all posts
Showing posts with label ကဗျာစာအုပ်. Show all posts

Saturday, 19 January 2013

ကဗျာစာအုပ် (ကဗျာဆရာ ဗားတော့ဗရက်)


၁၉၇၀ - ဂျူလိုင်
ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁ိ
အဖုံးရိုက် - သိန်းသန်းဦး
ပုံနိုပ်သူ - ထုတ်ဝေသူ
မောင်ကျော်ညွှန့် (၀၁၀၀) ရွှေဟင်္သာပုံနှိပ်တိုက် ၉၂/၉၃ လမ်း၊ရန်ကုန်က တာဝန်ခံပုံနှိပ်၍ဦးလှမြင့် (နတ်နွယ်) (၀၉၁၇)။ နွယ်နီ (၃) လမ်း။ (က) ရပ်ကွက်။ ဥက္ကလာပ (မြောက်ပိုင်း) က တာဝန်ခံထုတ်ဝေသည်၊

မာတိကာ
တင်မိုးအမှာ
လူထုစာဆို ဗားတော့ဗရက် - - - - - - - - - - - -
၁။ အနာဂတ်အတွက် ကဗျာ - - - - - - - - - - -
၂။ မုန်တိုင်းတပ်သား၏ တေးသံ - - - - - - - - - - - -
၃။ ယမမင်းကြီးကို သပိတ်မှောက်ခြင်း - - - - - - - - - -
၎။ အကုန်လုံး လွတ်ရင်လွတ် အကုန်လုံးငတ်ရင်ငတ် - - - -
၅။ စစ်သားမိန်းမ ဘာတွေရသလဲ - - - - - - - - - - -
၆။ ဆူပူလှုံ့ဆော်ရေးသမားရဲ့ ဈာပန - - - - - - - - - -
၇။ အလုပ်သမားတစ်ဦး သမိုင်းဘာသာရပ် လေ့လာခြင်း - -
၈။ အ၀တ်ကလေးတစနဲ့ပေါင်မုန့်ကလေးတဖဲ့ - - - - - - -
၉။ အဆီယစ်နေသူများ - - - - - - - - - - - - - - -
၁၀။ စာတတ်အောင်သင် - - - - - - - - - - - - - - -
၁၁။ ခရစ်သက္ကရာဇ် ၁၅၉၂ ခုနှစ်က သားချော့သီချင်း - - - - -
၁၂။ ကလေးတွေ အမေပျောက်စဉ်က - - - - - - - - - -

မြန်မာကဗျာလောကတွင် ဘာသာပြန်ကဗျာစာအုပ်ဟူ၍ ထုပ်ထုပ်ပိုက်ပိုက်ပြုစရာ အနည်းငယ်သာ ရှိပါသည်။ တင်မောင်အေးက ဂျာမန်စာဆို ဗား တော့ဗရက်၏ ကဗျာအသီးအနှံများကို မြန်မာကဗျာကျီတိုက်ထဲသို့ သွင်းနှံလောင်းဖြည့်သောအခါ ၀မ်းမြောက် ဖွယ်ကောင်းမှုတရပ်ပင် ဖြစ်ပါပေသည်။
တင်မောင်အေး၏ ဘာသာပြန်လက်ရာသည် ကောင်း၏၊ သို့မဟုတ် မကောင်း၏ဟူ၍ ဝေဖန္တိကပြုရန်ကျနော်မစွမ်းပါ။ သို့ရာတွင် တင်မောင်အေး သည် ကဗျာဘာသာပြန်ရာတွင် လက်စိမ်းတစ်ယောက် မဟုတ်ပါဟူ၍ကား ပြောနိုင်ပါသည်။ သူသည် ဒေါက်တာအက်ပတ် စုဆောင်းပုံနှိပ်အပ်သော ဂျာမန်မြန်မာ ကဗျာစာအုပ်တွင် ဂျာမန်ကဗျာစာစုကို မြန်မာဘာသာပြန်ဆိုခဲ့သူ လူငယ်တစ်ဦးပင် ဖြစ်ပါသည်။
ကျနော်တို့မြန်မာကဗျာ ပရိသတ်သည်အများအားဖြင့် အင်္ဂလိပ်နှင့်အိန္ဒိယတို့မှလာသော ကဗျာအငွေ့အသက်များကို နမ်းရှိုက်လေ့ရှိပါသည် (၀ါ) နမ်း ရှိုက်ခွင့်ရလေ့ရှိပါသည်။ အခြားမျိုးတူရေခြား နိုင်ငံများမှကဗျာတို့နှင့်အထိအတွေ့ အလွန်နည်းပါသည်။ တင်မောင်အေးသည် မြန်မာကဗျာနှင့် ဂျာမန်ကဗျာအကြား ပေါင်းကူးတံတား ထိုးလိုက်ပါသည်။
ဗားတော့ဗရက်၏ ကဗျာများကိဖတ်ကြည့်ရသောအခါ စစ်မောင်းသံကိုကြားလိုက်ရဘိသကဲ့သို့ ကြက်သီးမွေးညှင်းထလာပါသည်။ ဆံပင်မွေးထောင် လာပါသည်။ ကဗျာများ၏အသံမှာ ဟိန်းလှပါသည်။ ကဗျာတေးသံမှ ဟုတ်ကဲ့လား။ ကျည်ဆံတွေများလား။ ဤသို့ခံစားမိပါသည်။ ကျနော်သာ နာဇီဖက်ဆစ် ဖြစ် ပါသမင့်၊ ဤနေရာတွင်ပင် ပွဲချင်းပြီး ကျဆုံးဖွယ် ရှိပါသည်။ ဤကဗျာများသည် ကဗျာများမဟုတ်။ လူများပါပေတကား။ ပြည်သူသိန်းသန်း ပါပေတကား။ ဤသို့ မှတ် ချက်ချ မိပါတော့သည်။
ဗားတော့ဗရက်၏ ကဗျာများကိုဖတ်မိတော့မှ တင်မောင်အေး ဘာ့ကြောင့်သည်ကဗျာတွေကို ပြန်ချင်ကြောင်း နားလည်လာရသည်။ ဆိုရှယ်လစ်နိုင်ငံ တကာတည်ဆောက်ရာတွင် ဤကဗျာများသည် မည်မျှအဖိုးတန်ကြောင်း သဘောပေါက်လာရသည်။ ဤကဗျာများသည် ဆိုရှယ်လစ်စိတ်ဓာတ်ကို ပုံသွန်းသော ဗိသုကာဖြစ်မည် မလွဲတည်း။
ဤမျှထက်ပှို ကဗျာအကြောင်း မပြောလိုပါ။ ကဗျာများကိုဖတ်လိုက်မိလျှင် ဖတ်သူ၏ နှလုံးစိတ်ဝမ်းထဲ၌ ဤကဗျာများ အသက်ရှင်လှုပ်ရှားနေတော့ မည်ဖြစ်ရာ ကျနော်ကနှမ်းဖြူးနေဖွယ် မလိုပါ။ ကဗျာများကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါဟု တိုက်တွန်းနှိုး ဆော်ရုံသာ ရှိပါသည်။
တင်မောင်အေးသည် စိတ်အားထက်သန်လှသော၊ အကျိုးများမည့်စွန့်စားမှုကို ခုံမင်လှသော၊ ကဗျာကိုအလွန်ချစ်တတ်သော လူငယ်တစ်ဦးဖြစ်ရာ နောက်ထပ်၍ကျနော်တို့က မတိုက်တွန်းစေကာမူ သူကတော့ဆက်လက်ကြိုးစား ထုတ်ဝေဦးမည်မှာ ယုံမှားဖွယ်မလိုပါ။ “ကျနော်တို့လူငယ်တွေဟာ ကျနော်တို့ ကိုယ်ကျိုး ကိုယ့်စီးပွားသက်သက်အတွက် အသက်ရှင်နေရမယ်ဆိုရင် ဘယ်မှာအသက်ရဲ့တန်ဖိုး ရှိတော့မလဲဗျ” ဟူ၍ တတွတ်တွတ်ဂါထာ ရွတ်လေ့ရှိသူ တင်မောင်အေးက ဗားတော့ဗရက်၏ကဗျာများကိုမှရွေး၍ ထုတ်ဝေလိုက်သည်မှာ ချီးကျူးရန်မှတပါး အံ့သြရန်မရှိပေ။ လုပ်သင့်လုပ်ထိုက်သော ကောင်းမှုတရပ်ကို ပြုခြင်းမျှသာ ဖြစ်ပေသည်တကား။

တင်မိုး
၁၇-၇-၇၀

လူထုစာဆို ဗားတော့ဗရက်

၁၉၂၀ ခုနှစ်နဲ့ ၁၉၃၀ ခုနှစ်အကြားကဥရောပတိုက်မှာ စိတ္တဗေဒကိုနက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ကြတယ်။ အဲဒီအခါစိတ္တဇရှုထောင့် အနုပညာဆရာ တွေ ထွန်းကားလာကြတယ်။ ကိုယ်ခံစားရသလိုရေးတဲ့ ကဗျာဆရာတွေဆိုပြီး လူ့လောကဖြစ်ရပ်တွေကို ကိုယ့်တဦးတည်းခံစားချက်နဲ့ မှတ်တမ်းတင်တယ်။ အဲဒီ ခေတ် ပြင်သစ်ပညာရှင်တွေရဲ့ ဝေဖန်နည်းဖြစ်တဲ့ လူမှုရေးပြဿနာမှာ လူထုရှုထောင့်ကမကြည့်ဘဲ ပညာရှင်အုပ်စုဝင်တဦးရဲ့ ရှုထောင့်ကသာ သီးခြားတဦး တည်း (တသီးပုဂ္ဂလ၀ါဒ) အမြင်နဲ့ ငါးပွက်ရာငါးစာချ ပြစ်တင်မှု ပြုတယ်။ ရေတို ဝေဖန်မှုပြုတယ်။ ခြုံငုံတဲ့ နိုင်ငံရေးအဘိဓမ္မာတရပ်ရဲ့ ဦးဆောင်မှုကို မခံယူခဲ့ဘူး။ နောက်ဆုံးတော့ မင်းမဲ့ဝါဒဆံဆံ ငါတကောကော စိတ်ပျက် တဲ့လေသံတွေပဲ ထွက်လာကြတော့တယ်။ နိုင်ငံရေး မဆန်ဘူးလေ။
ဂျာမန်စာပေလောကရဲ့ ဘုရားတဆူဖြစ်တဲ့စာဆိုကြီး ဗားတော့ဗရက်ကတော့ တသီးပုဂ္ဂလ၀ါဒကို ဆန့်ကျင်ပြီး လူထုခံစားမှုဘက်က ကျယ်ပြန့်စွာ တိုင်းတာရှုမြင်ပါတယ်။ ပုံစံအားဖြင့်လည်း လူထုကအသိအမှတ်ပြုပြီးလို့ လူထုထဲတိုးဝင်နိုင်တဲ့ ဂီတဆန်တဲ့ကဗျာပုံစံများနဲ့ စပ်ဆိုခဲ့တယ်။ ဗားတော့ဗရက်ဟာ ဟောဒီခေတ်ရဲ့ တဦးတည်းသော လူထုရှုထောင့်ကဗျာဆရာ၊ ပုံစံအရရော အကြောင်းအရာမှာပါ လူထုနဲ့အတူ အစဉ်ရပ်တည်တဲ့ ကဗျာဆရာ၊ တဦးတည်းသော နိုင်ငံရေးကဗျာဆရာရယ်လို့ ဆိုလိုက်ချင်ပါတယ်။
ထင်သလို လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်ရေးဆိုတဲ့ လာဇေဖဲယား ဆိုတဲ့မူဟာ လူတွေကိုဒုက္ခ ရောက်စေခဲ့ပြီမို့ ကမ္ဘာ့စီးပွားရေးလောကမှာ တယောက်ထဲရှုထောင့်က ရပ်တည်လုပ်ဆောင်ခွင့် မပြုတော့ဘဲ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ စီမံကိန်းအသွင်အမျိုးမျိုး ဖော်ထုတ်နေကြတဲ့ မျက်မှောက်ခေတ်မှာ ယဉ်ကျေးမှုဆိုင်ရာ အခန်းကဏ္ဍမှာလည်းပဲ တဦးတည်းရဲ့ အနေအထားဟာ ဘောင်ကျဉ်းသထက် ကျဉ်းကျဉ်းလာပြီ။ ဗားတော့ဗရက်ဟာ ယဉ်ကျေးမှု တော်လှန်ရေးရဲ့ ခေါင်းဆောင် စာဆိုကြီးတယောက် ဖြစ်ပါတယ်။
ဗရက်ခေတ် ဂျာမဏီဟာစစ်ရှုံးနိုင်ငံမို့လို့ အဖြစ်အပျက်ကို စိတ်ကူးယဉ်မကြည့်နိုင်ဘဲ ပကတိအခြေအနေ၊ စိတ်မှအခြားဖြစ်သော အခြေအနေတွေ အတိုင်း ရုပ်ပိုင်းကျကျကြည့်ပါတယ်။ ဗရက်ရဲ့ ပထမဆုံးကဗျာစာအုပ်ထဲမှာ အဲဒီသဘာဝကို ဇာစ်မြစ်ထဲအတွင်း နှိုက်ဝေဖန်ရေးနဲ့ တွဲစပ်တင်ပြရှုမြင်ခဲ့တယ်။ ဗရက် ကိုယ်တိုင်ကလည်း ပထမကမ္ဘာစစ်မှာဝင်တိုက်ခဲ့တဲ့ စစ်သားဟောင်းကြီးမို့ စစ်ရဲ့ကြေကွဲစရာကောင်းအောင် လောကကိုဖျက်ဆီးတက်တာ နားလည်ခဲ့တယ်။ အ ကြင်နာတရားလွှမ်းမိုးမယ့် အနာဂတ်ကမ္ဘာကို မျှော်လင့်ထားတယ်။ ဒါပေမဲ့ အဲဒီအနိဌာရုံတရားတွေရဲ့ လက်သည်ဟာမမြင်တွေ့ရမဲ့ ကံတရားကြောင့်၊ တန်ခိုးရှင် ကြီးတွေကြောင့်လို့ အဖြေမထုတ်ဘူး။ ရုပ်ပိုင်းကျကျ အဖြေရှာတယ်။ လူထုဖက်က လူထုခံစားမှုနဲ့ တိုင်းတာပြီး အဖြေထုတ်တယ်။
ဗရက်ခေတ် ဂျာမဏီမှာ အခြေခံလူတန်းစားတွေအတွက် အခွင့်အရေးအပြည့်ပေးမယ့် ဆိုရှယ်လစ်တော်လှန်ရေးလှိုင်းတံပိုး ဟာပထမပိုင်းမှာ အလွန် ပဲအားကောင်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ယိုယွင်းလာပြီး အချောင်သမားတွေ နေရာတကာမှာအခွင့်ထူးရပြီး ဇိမ်ခံနိုင်ကြတယ်။ ငွေစက္ကူ ၀ယ်အားတန်ဖိုး လျော့လာတယ်။ စီးပွားရေးကြပ်တည်း လာတယ်။ လူထုကြီးရဲ့ ဆင်းရဲခံနေရတာနဲ့ လူတစုဇိမ်ခံရတာ သိသိသာသာ ခြားနားလာတယ်။ အပေါ်စီး သမားတွေက အခြေအနေမှန်ကို မခံစားတက်ပေမဲ့ ဗရက်အနေနဲ့တော့ လူထုအများစုဟာ ငရဲဘုံထဲမှာလိုပဲ စားဝတ်နေရေး ဒုက္ခပင်လယ်ဝေတာ တွေ့မြင်ခဲ့ပါ တယ်။ တော်လှန်ရေးအသွင်ကနေပြီး အခြေအနေကြပ်တည်းရှုပ်ထွေးမှုကို အခွင့်ကောင်းယူ အမြတ်ထုတ်လိုသူတို့ကြောင့် တန်ပြန်တော်လှန်ရေးအန္တရာယ်တွေက အနိုင်ရနေတဲ့ အခြေအနေဖြစ်ပါတယ်။
တိုင်းပြည်ရဲ့အခြေအနေဆိုးတွေဟာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဆိုက်တာနဲ့ ကြုံကြိုက်လို့ ပိုဆိုးဝါးလာပြီး ဘာလုပ်ရမလဲတွေးကြတော့ စိတ်ပိုင်းဆိုင်ရာ အဖြေထုတ်ခြင်းတမျိုးဖြစ်တဲ့ ရုပ်အခြေအနေတို့မှ ကင်းလွတ်သောစိတ်ကူးယဉ် ဖက်ဆစ်ဝါဒအခြေခံတဲ့ စိတ်ကူးယဉ်လူ့ဘောင်ကြီးကို တည်ဆောက်ဖို့ကြိုးပမ်းသူ တို့က အရေးသာကြပါတယ်။ အခြေခံအကျဆုံးကြည့်တဲ့ ဗရက်တို့အုပ်စုကတော့ ပြဿနာတွေဟာ အရင်းရှင်စီးပွားရေး ဆက်ဆံမှုကြောင့်သာ ဖြစ်ကြောင်းတွေ့ရှိ လေတော့ နိုင်ငံတော်ရဲ့ယန္တရားကို တော်လှန်ပြောင်းလဲပစ်ရမယ်လို့ နားလည်သဘောပေါက်လာတယ်။ ဗရက်ဟာ နိုင်ငံရေးအယူအဆနဲ့ ခေတ်ကိုလှပထက်မြက် အောင် ပေါင်းစပ်ရေးမှာ အစွမ်းကုန် အားထုတ်ခဲ့ပါတော့တယ်။
ဒီအချိန်တုန်းက ဂျာမဏီပြည်ရဲ့ အလုပ်သမားတွေဟာ နိုင်ငံရေးအရရော ယဉ်ကျေးမှုအရပါ ဥရောပတိုက်မှာ အတက်ကြွဆုံးပါပဲ။ လက်ဝဲအင်အားစု ဟာ စည်းရုံးရေးအရှိန်အဟုန်ကောင်းလှတာမို့ အနုပညာရှင်များစွာပဲ အလုပ်သမားလူတန်းစားဘ၀ကို ခံယူကာတသီးပုဂ္ဂလဥာဉ်တွေကို စွန့်ပယ်ကြပါတယ်။ ဗရက် ကတော့ အဲဒီကစပြီးသေတဲ့တိုင် ဒီအနေအထားမှာရှိတယ်။ လူထုလှုပ်ရှားမှုနဲ့ ကင်းလွတ်တဲ့စာပေက၀ိကြီးဘ၀ကို ဆန့်ကျင်တယ်။ အဲဒီလိုစာဆိုကြီးမျိုးတွေက အနုပညာနဲ့ စိတ်ကွန့်မြူးရုံပဲလုပ်မယ်။ လုပ်ငန်းးရဲ့ယူဆချက်တွေမှာ ထိန်းချုပ်ခြုံငုံတဲ့ သဘောတရားတွေမရှာပဲ ငါးပွက်ရာငါးစာချပြီး လုပ်ဆောင်ယူဆတယ်။ အမြင့်ဆုံးအဆင့်မှာ ဘာသာရေးယုံကြည်ချက်ဆန်ဆန် ကိုယ်လွတ်ရုန်း အပေါ်ယံလူတန်းစားတွေရဲ့ အမြင်နဲ့သုံးသပ်တယ်။ ဗရက်ကတော့ မာက်စ်ဝါဒကို လက်ခံ လိုက်ပြီး ဘာလုပ်မယ်၊ ဘယ်လိုတိုင်းတာ ဆုံးဖြတ်မယ်လို့ တိတိကျကျသုံးသပ်တယ်။ အစိုးရကပြဌာန်းတဲ့ ကျောင်းစာအုပ်တွေ၊ သင်ရိုးညွှန်း တန်းတွေအတိုင်း သင်တယ်။ တပည့်တွေစိတ်ဝင်စားအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆွဲဆောင်သလိုပဲ လူထုလက်ခံပြီး ကဗျာဖွဲ့နည်း၊ ကဗျာတင်ပြနည်းတွေနဲ့ တော်လှန်ရေးခရီးကို ညွှန်ပြပါတယ်။
အပိုစုလစ်မွမ်းချွန်တွေကို ဗိသုကာပညာကလည်း ပစ်ပယ်ပြီးလိုအပ်တဲ့ လျော်ညီတဲ့အဆောက်အဦတွေ ဆောက်တဲ့ခေတ်လေ။ ပန်းပုဆရာတွေက လဲ ဒီလိုပဲ။ ဂျာမန်ဂီတဆရာတွေကလည်း လူစုလူဝေးနဲ့ သံပြိုင်သီဆိုစရာ သီချင်းတွေရေးတယ်။ ပန်းချီဆရာတွေကလည်း လူလက်ခံပြီးနည်းတွေနဲ့ ခံစားမှုကို သိပ်သိပ်သည်းသည်း ကျစ်ကျစ်လစ်လစ် ဖော်ထုတ်စမ်းသပ်တယ်။
ဗရက်ဟာဗဲလက်ခေါ်တဲ့ ကျေးလက်ကဗျာနဲ့ဇာတ်နိပါတ်ခင်းသလို ပြောပြလို့လူတိုင်းမြင်လွယ်တယ်။ ဂျာမန်ကဗျာတွေ ကိုယ်၌ကလည်း ဂီတကိုသီ ကျူးနိုင်တဲ့ကဗျာတွေမို့ ရိုးရာကဗျာဖွဲ့နည်း ပုံစံဘောင်အတွင်းက ဗရက်လည်းကဗျာဖွဲ့တယ်။ လူထုတွေဝိုင်းဆိုနိုင်တဲ့ တိုက်ပွဲကဗျာတွေ၊ စစ်ချီကဗျာတွေ၊ သရော်စာ ကဗျာတွေ ဖြစ်ပါ တယ်။
တခြားကဗျာဆရာတွေလိုတော့ စကားလုံးအပိုတွေမသုံးချင်ဘူး။ စိတ်ခံစားမှုလွန်ကဲတာ ရှောင်တယ်။ နိမိတ်ပုံတွေကိုအကန့် အသတ်နဲ့သုံးပြီး ဇာတ် ခုံပေါ်မှာတကွက်ချင်း တကွက်ချင်းတင်ပြသလို ထိထိမိမိပုံဖော်တယ်။ အသေးစိတ်ကလေးတွေကိုတော့ သတင်းဆောင်းပါးမှာလိုပဲ စီကာစဉ်ကာ ထည့်သွင်းဖော်ပြ တတ်လို့ အင်မတန်ပီသတဲ့ သရော်စာကဗျာတွေ ဖြစ်လာပါတော့တယ်။
ဗရက်ဟာသူလက်ခံတဲ့ ၀ါဒရှုထောင့်ဘက်ကနေ ထမင်းမရှိဘဲစစ်မတိုက်နိုင်ဘူး ဆိုတာမျိုးတို့၊ ထန်ပြင်းလှတဲ့စစ်မြေပြင်ခရီးရဲ့ အလယ်မှာချစ်မေတ္တာ စိတ်ဓာတ်ဟာ မပွင့်လန်းနိုင်ဘူးတို့၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေပေးသလောက်သာ စိတ်ဓာတ်ရဲ့ပျော့ပျောင်းခြင်း၊ ခက်ထန်ခြင်း စတဲ့အပြောင်းအလဲတွေ ဖြစ်လာ ရတယ်တို့၊ လူတန်းစား အနေအထားချင်းမတူပဲ ၀ါဒလမ်းစဉ်တရပ်ကို အတူမဖော်ဆောင်နိုင်ဘူးတို့ အစရှိတဲ့ သဘောတရားတွေကိုထူထောင်ကာ ဟစ်တလာရဲ့ အပေါ်စီးစိတ်ထားနဲ့ အတွင်းနှိုက်သုံးသပ်လိုတဲ့ ခံစားနေရတဲ့လူထုတွေရဲ့ မလွှဲမသွေပဋိပက္ခဖြစ်တော့မယ့် အကြောင်းတွေတင်ပြခြင်းလည်း ဖြစ်ပါတယ်။ လုပ်သား လူတန်းစားကို လုံးဝယုံကြည် အားကိုးတယ်။ ဒါပေမယ့် တင်ပြပုံက နည်းပရိယာယ်ကြွယ်ဝပြီး စိတ်ဝင်စားစရာကောင်းတယ်။
ဗရက်ဟာသူ့ရဲ့ ဗဲလက်ကဗျာတွေကို ဂီတာနဲ့တီးလို့ရအောင် သီကုံးခဲ့တယ်။ အိုက်စလာဆိုတဲ့ ဂီတပညာရှင်နဲ့တွဲပြီး လိုင်းရစ်ခေါ်တဲ့ကဗျာမျိုးကို ဇာတ်သဘင်နဲ့ရုပ်ရှင်မှာ ထည့်သုံးဖို့ဆောင်ရွက်ခဲ့တယ်။ ဗရက်ရဲ့ အလုပ်သမားလှုပ်ရှားမှုနဲ့ပတ်သတ်တဲ့ ကဗျာတွေကို အိုက်စလာကဂီတသံသွင်းပြီး အပြည်ပြည် ကို ဖြန့်ချိအောင်မြင်ခဲ့တယ်။ ဂျာမဏီပြည်၊ ရုရှားပြည်၊ အမေရိကန်ပြည်နဲ့ ပြည်တွင်းစစ်ကာလ စပိန်ပြည်တို့မှာ အလုပ်သမားချီတက်ပွဲတွေလုပ်တော့ အဲဒီ သီချင်းတွေဆိုကြတယ်။ ကဗျာဟာလူတစုသာ နားလည်တဲ့အဆင့်ကနေ လူထုအသုံးတော်ခံဘ၀ ရောက်ခဲ့ပါတယ်။ စိတ္တဇဆန်တဲ့ တသီးပုဂ္ဂလ၀ါဒကဗျာတွေ လွှမ်းမိုးနေတဲ့ ကာလဒေသတွေဖြစ်ပေမယ့် ဗရက်ဟာ ထိုးဖောက်ကျော်ကြားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
စာပိုဒ်ခွဲရာမှာသံမှန်ကျူးသီနေရာက ဖြတ်လိုက်နားလိုက်နဲ့မညီမညာဖော်ပြကာ သူလိုချင်တဲ့အာနိသင်တွေ သက်ဝင်စေခဲ့တာကို ဘာသာပြန်ရာမှာလဲ အဲလိုပဲဖြစ်နေအောင် ကြိုးစားထားလိုက်ပါတယ်။ ဒီစပ်နည်းကြောင့် ကာရန်မဲ့ကဗျာဟာ လှပကြွယ်ဝလာပြီး သာမန်ကဗျာလောက် နားယဉ်ရမခက်ခြင်း၊ စကားပြေ ထက်လဲ ပိုမိုထိရောက်ခြင်း အကျိုးများရခဲ့ပါတယ်။
နာဇီဝါဒက လက်ဝဲအင်အားစုကို ချေမှုန်းဖြိုခွဲလိုက်တဲ့အခါမှာ ဗရက်ဟာ နာဇီဝါဒဆန့်ကျင်ရေးကဗျာကို ထက်မြက်စူးရှစွာ ပြုစုပါတော့တယ်။ ဟစ်တ လာတက်စကတည်းက တပြည်မှတပြည်ရောက် ပြည်နှင်ဒဏ်အပေးခံခဲ့ရပါတယ်။ သူ့ကဗျာတွေကိုဂျာမဏီအတွင်း တော်လှန်ရေးရဲ့အသံလို့ မှတ်ယူကြပါတယ်။ သူဟာဟစ်တလာရဲ့ တတိယဂျာမဏီနိုင်ငံတော်ကြီး (သဒ်ရိုက်) ကိုသရော်ရေးသားခဲ့ပါတယ်။ အဝေးရောက်ဂျာမန်အမျိုးသားတို့ရဲ့ စာစောင်များကတဆင့်ဖြစ်စေ၊ အသံလွှင့်ရုံကတဆင့်ဖြစ်စေ ဒီကဗျာတွေကို ဖြန့်ဖြူးခဲ့တယ်။ ပထမကမ္ဘာစစ်ကြီး ပြီးစကရေးခဲ့တဲ့ စစ်ဆန့်ကျင်ရေး သရော်စာကဗျာတွေကအစ နောက်ဆုံး ဖက် ဆစ်ဝါဒရဲ့ ကြောင်သူတော်အရေခွံကို တလွှာချင်းခွာပြတဲ့ အထက်မြက်ဆုံးကဗျာတွေအထိ အားလုံးပဲဂျာမန်အတွင်း တော်လှန်ရေးရဲ့ အသံလဲဖြစ်ပါတယ်။ ချွတ် ခြုံကျနေတဲ့ ဂျာမန်ယဉ်ကျေးမှု အတွေးအခေါ်ပိုင်းကို ပြင်ဆင်ဖို့အားထုတ်ခြင်းလည်း ဖြစ်ပါတယ်။
ဂျာမန်လူမျိုး အနေနဲ့ဖြစ်စေ၊ ဂျာမန်ယဉ်ကျေးမှုကို ပြန်လည်ထူထောင်ရေးမှာဖြစ်စေ ပြောင်မြောက်ထိ ရောက်ခဲ့သလိုပဲ နိုင်ငံတကာအတွက်လည်း ဗရက်ရဲ့ကဗျာတွေဟာ တန်ဖိုးရှိလှပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ အနိဌာရုံတွေကိုလည်း ခံစားပြီးပြီ။ ကမ္ဘာဖျက်လက်နက်ကြီးတွေကလည်း လူသားတချို့လက် ထဲမှာဆုပ်ကိုင်လျက်သားရှိနေတာမို့ လူမှုရေးနဲ့နိုင်ငံရေးအဆောက်အအုံကို မျက်ခြည်ပြတ်ဖြစ်သလိုထားလို့မဖြစ်တော့ဘူး။ မျက်မှောက်ခေတ်ကို အမွှေနှောက်ဆုံး အရေးကြီးဆုံးပြဿနာတွေကို ဗရက်ဟာကဗျာနဲ့ ပြေပြစ်ရှင်းလင်းအောင် ဆွေးနွေးတင်ပြထားပါတယ်။ သူဟာလူထုစာဆိုတဦးအဖြစ်နဲ့ ကဗျာသစ်တွေဖန်တီး ပေးသူ ဖြစ်ပါတယ်ခင်ဗျား။

အိပ်ခ်ျအာဟေးစ်
(အင်္ဂလိပ်ဘာသာပြန်စာအုပ်နိဒါန်းမှ)
(အိပ်ခ်ျအာဟေးစ်၏ အင်္ဂလိပ်ဘာသာပြန်ကိုမှီး၍ ဂျာမန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုသည်။)

အကြည်တော် ၏ စာအုပ်များစုစည်းမှု

အကြည်တော် – ကလေးလက်ရေး  DOWNLOAD HERE အကြည်တော် – ကဝေပျို၏နိဒါန်း  DOWNLOAD HERE အကြည်တော် – ကျွန်တော်ထောင်းခဲ့သောပေါင်များ  DOWNL...